Friday, January 24, 2014

ကုန်ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ်အတု

(SME Website မှကူးယူဖော်ပြပါသည်)

ကုန်ပစ္စည်း အတုနှင့် ကုန်အမှတ်တံဆိပ် အတုပြဿနာ (counterfeit goods and counter trade mark) သည် ကမ္ဘာ့ ကုန်သွယ်ရေးလောကတွင် နိုင်ငံတိုင်းရင်ဆိုင်နေရသော စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်သည်။
ယင်းသည် “ တရားမျှတစွာကောင်းရောင်းကောင်းဝယ် ယှဉ်ပြိုင်ကုန်သွယ်ခြင်း” (Fair Trade and Fair Competition) ဟူသော ကမ္ဘာ့ကုန်သွယ်ရေးကျင့်စဉ်၏ ပင်မရန်သူများပင်ဖြစ်ပေသည်။
ထို့ကြောင့်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (World Trade Organization WTO) တွင် Anti-counterfeit ဟုခေါ်သည့် အမျိုးမျိုးသော ကုန်ပစ္စည်းအတုအပများကို ထိရောက်စွာ အရေးယူ နှိမ်နင်းရေးကိစ္စကို အမြဲဆွေးနွေးညှိနှိုင်းနေကြရပေသည်။
ကုန်အမှတ်တံဆိပ် ပြဿနာ ၄ မျိုး
          ဤပြဿနာအပေါ် မြန်မာနိုင်ငံ၏ ဥပဒေရေးရာ အနေအထားအရ အောက်ပါအတိုင်းကဏ္ဍ (၄)မျိုးဖြင့် အကြမ်းအားဖြင့် ခွဲခြားသုံးသပ်လိုပါသည်။
          (၁)     ကုန်ပစ္စည်းအတုပြုလုပ်ခြင်း(သို့မဟုတ်)ရောင်းချခြင်း(Marking or selling fake / imiated / adulterated  goods)
          (၂)     ကုန်အမှတ်တံဆိပ်အတု သုံးစွဲခြင်း (သို့မဟုတ်) ကုန်အမှတ်တံဆိပ်အတုပစ္စည်းများ ရောင်းချခြင်း(Using counterfeit trade mark or selling counterfeit trade mark goods)
          (၃)     ကုန်အမှတ်တံဆိပ်ဆင်တူယိုးမှား သုံးစွဲခြင်း(Passing-off)
          (၄)     ကုန်အမှတ်တံဆိပ်ကို ယှဉ်ပြိုင်တင်သွင်းခြင်း (သို့မဟုတ်) သုံးစွဲခြင်း (Parallel import or parallel use)
          အဆိုပါကဏ္ဍ ၄ မျိုးကို တစ်ခုခြင်းစီ ဆန်းစစ်လေ့လာကြည့်လိုပေသည်။
၁။     ကုန်ပစ္စည်းအတု ပြုလုပ်ခြင်း(သို့မဟုတ်)ရောင်းချခြင်း
        (Marking or selling fake / imitated / adulterated goods)
          လိမ်လည်လှည့်ဖျားလိုသည့် စိတ်ဆန္ဒ(fraudulent mind)ဖြင့် ကုန်ပစ္စည်းအတု ပြုလုပ်ခြင်း၊ အတုမှန်းသိလျက်နှင့် အစစ်သဖွယ် ခင်းကျင်းပြသပြောဆိုရောင်းချခြင်းမျိုး ဖြစ်သည်။
အတုနှင့်အစစ်
          ကုန်ပစ္စည်းအတုလုပ်ခြင်း၊ ရောင်းခြင်းဆိုသည်တို့ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် -
(က)    မူလကုန်ပစ္စည်းအမျိုးအစား သဘာဝနှင့် လုံးဝမတူသည့်အရာဖြစ်ခြင်း၊ ဥပမာ-သကြား ထုပ်ဟုပြောဆိုရောင်းချရာတွင် ဆားများကိုထည့်ထားခြင်း၊
(ခ)     မူကုန်ပစ္စည်းအမျိုးအစားဟု သူတစ်ပါးထင်မြင်အောင် တမင် လီဆယ်ပြုလုပ်ထားသည့် အရာဖြစ်ခြင်း။(ဥပမာ-၀ီစကီဟုပြောဆိုပြီး ပုလင်းထဲ အရောင်တူသည့် ရေနွေးကြမ်းကိုသာ ထည့်ထား ခြင်း)
(ဂ)     ကြော်ငြာဖော်ပြထားသော စွမ်းဆောင်ရည်အတိုင်း အမှန်မဟုတ်သော ကုန်ပစ္စည်း ဖြစ်ခြင်း၊ (ဥပမာ - ငှက်ဖျားပျောက်ဆေးဟု ထုတ်လုပ်ရောင်းချရာတွင် အမှန်တကယ် ငှက်ဖျား ပျောက်စေသည့် ဆေးဝါးအာနိသင်မပါရှိခြင်း)
(ဃ)    ပြင်ပထုတ်ပိုးထားသည့်အရာတွင် ကြော်ငြာဖော်ပြထားချက်နှင့်မတူသော အခြား ကုန်ပစ္စည်းများ ပါရှိနေခြင်း။(ဥပမာ-ပိတ်စများဟု ဖော်ပြရောင်းချသော စက္ကူပုံးထဲတွင် စက္ကူစုတ်များ၊ ဂုံနီစများသာ ပါရှိခြင်း)
(င)     ကြော်ငြာဖော်ပြထားသော အချက်အလက်များနှင့် မညီညွတ်သည့် ပစ္စည်းဖြစ်ခြင်း။ (ဥပမာ - ထုပ်ပိုးဘူးတွင် ဂျပန်နိုင်ငံလုပ် ၁၅၀၀ ၀ပ် ကက်ဆက်ဟူ၍ ဖော်ပြထားသော်လည်း အထဲ တွင်မူ အခြားနိုင်ငံလုပ် အရည်အသွေးနိမ့် ၁၀၀ ၀ပ် ကက်ဆက်သာပါရှိခြင်း)
(စ)     အမှန်တကယ်မဖြစ်နိုင်သော အရည်အသွေးဖြင့် ကြော်ငြာရောင်းချသော ပစ္စည်း ဖြစ်ခြင်း။ (ဥပမာ - တုတ်ပြီး၊ ဓားပြီး ဆေးဟု ပြောဆိုပြီး ဖန်တီးထားသည့် အရာတစ်မျိုးကို ရောင်းချခြင်း)
(ဆ)    မျက်သိလှည့်စား၊ စိတ်ဝင်စား၍ အစစ်မဟုတ်သော ပစ္စည်းကို လက်ခံဝယ်ယူသွား အောင် ဖြားယောင်းခြင်း။ (ဥပမာ - ရွှေ အတုချဂိုဏ်းက အုပ်စုဖွဲ့ကာ စနစ်တကျ လိမ်လည်၍ ရွှေ အရောင်းအ၀ယ်လုပ်ခြင်း)စသည်တို့ ဖြစ်ကြပေသည်။
          ပစ္စည်းအစစ်ဟုဆိုရာ၌ (ဥပမာအားဖြင့် ‘ဘီစကစ်ပုံး’ ဟု ပြောဆိုပြီး ရောင်းချလျှင် အမှန်တကယ် စားသုံးရသည့် ဘီစကစ်မုန့် ပါရှိရမည်။ ကျောက်ခဲ သလဲများပါလာလျှင် အတုပင်ဖြစ်ပေ သည်။ ကိတ်မုန့်၊ ချောကလက်စသဖြင့် အခြားမုန့်များပါလာ၍လည်း မရနိုင်ပေ။)
အရေးယူနိုင်
          ကုန်ပစ္စည်းကို အတုပြုလုပ်ခြင်း၊ အတုမှန်းသိလျက်နှင့် ရောင်းချခြင်းဖြစ်လျှင် အနည်းဆုံးအား ဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုနှင့် အရေးယူနိုင်ပါမည်။ ဤပုဒ်မ ပြဋ္ဌာန်းအကျဉ်းမှာ ပစ္စည်း တစ်ခုခုကို ပေးအပ်စေရန် လိမ်လည်၍ မရိုးမဖြောင့်သော သဘောနှင့် တစ်ဦးတစ်ယောက်အား ဖြားယောင်းသွေးဆောင်ခြင်းဖြစ်သည်။ ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှန်နိုင်ပေသည်။
          ထိုသို့ လိမ်လည်ရာတွင် အသုံးပြုသော စာတမ်းအမှတ်အသားအတုများကို လုပ်ခဲ့လျှင် အတု လုပ်သောသူအပေါ် ပုဒ်မ ၄၆၈ အရ အရေးယူနိုင်သည်။ ယင်းပုဒ်မသည်လည်း ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည်။
          အတုလုပ်သူနှင့် အတုရောင်းချသူ တစ်ယောက်စီဖြစ်ခဲ့လျှင် အတုလုပ်သည့် ဥပဒေသဘော အရ ပိုမိုအပြစ်ပြီးသူဖြစ်၍ အတုရောင်းသူထက် ပြစ်ဒဏ်ပိုကျခံရလေ့ရှိသည်။
          ကုန်ပစ္စည်းအတုများကို ပြည်ပမှ ပြည်တွင်းသို့ တရားမ၀င်မှောင်ခိုတင်သွင်းလာလျှင် တင်သွင်းလာသူအပေါ် ‘အကောက်ခွန်အက်ဥပဒေ’ ၊ ပုဒ်မ ၁၆၇ ‘ သွင်းကုန်ထုတ်ကုန်ကြီးကြပ်ရေး အက်ဥပဒေ’ ၊ ပုဒ်မ ၅ (၁) တို့ဖြင့် တာဝန်ရှိ ဌာနဆိုင်ရာများက အတုများကိုလည်း နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်နိုင်သည်။
အထူးဥပဒေ
          အကယ်၍ သီးသန့် ကုန်ပစ္စည်းတစ်မျိုးမျိုးကို အတုလုပ်ခြင်းအတွက် သီးခြားဥပဒေတစ်ရပ်ရပ် ပြဋ္ဌာန်းထားရှိလျှင် ယင်းဥပဒေအရသာ အရေးယူသည်။
          သာဓကအားဖြင့် ‘၁၉၉၀ ပြည့်နှစ်၊ ဗဟိုဘဏ်အက်ဥပဒေ’ ပုဒ်မ ၈၉ အရ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။ ရာဇသတ်ကြီးပုဒ်မ ၄၈၉-က (ငွေစက္ကူအတုလုပ်ခြင်း)၊ ပုဒ်မ ၄၈၉-ခ(ငွေစက္ကူအတုသုံးခြင်း)၊ ပုဒ်မ ၄၈၉-ဂ(ငွေစက္ကူအတု လက်ရှိ ထားခြင်း)၊ ပုဒ်မ ၄၈၉-ဃ(ငွေစက္ကူအတုလုပ်သော ကိရိယာ လက်ရှိထားခြင်း)တို့ အရလည်း အရေးယူ လေ့ရှိသည်။
          ထောင်တစ်သက်တစ်ကျွန်း (သို့မဟုတ်) ထောင် ၁၀ နှစ်ထိ ပြစ်ဒဏ်ရှိပေသည်။
          အစားအသောက်အတုလုပ်ခြင်းဖြစ်လျှင် ‘ ၁၉၉၇ ခုနှစ် အမျိုးသား အစားအသောက် ဥပဒေ’ ပုဒ်မ ၂၈ အရ အရေးယူနိုင်ပြီး ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ဒဏ်ငွေကျပ် ၃၀,၀၀၀ အထိ ချမှတ်နိုင်သည်။
(ဦးသန်းမောင်(စစ်တွေ) ၏ ခွင့်ပြုချက်ဖြင့် ဉာဏပစ္စည်းများမူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ဆောင်းပါးများစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။)

About IP Law

အီးယူ ကုန်အမှတ်တံဆိပ် လေးသောင်းခန့် ရင်းနှီးမြှုပ်နှံလိုသော်လည်း မူပိုင်ခွင့်ဥပဒေမရှိ၍ စောင့်ကြည့်နေ

ဥရောပသမဂ္ဂ (EU) အောက်ရှိ ကုန်အမှတ်တံဆိပ် လေးသောင်းခန့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ရှိသော်လည်း ၎င်းတို့ကို အကာအကွယ်ပေးနိုင်မည့် တိကျသည့် မူပိုင်ခွင့်ဥပဒေ မရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်၍ မြန်မာနိုင်ငံအတွက် အခွန်အခများလည်း နစ်နာနေကြောင်း အီးယူ(မြန်မာရုံးခွဲ)၏ မြန်မာနိုင်ငံရေးရာ ကျွမ်းကျင်မှုတာဝန်ခံ ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ပြောကြားသည်။
““ အီးယူအောက်ကနေ ၀င်လာမယ့် ကုန်အမှတ်တံဆိပ်က အနည်းဆုံး လေးသောင်းကနေ သိန်းချီရှိတယ်။ ဒါတောင် အီးယူတစ်ခုတည်းပဲ။ ကျန်တဲ့ဟာတွေ မစဉ်းစားနဲ့ဦး။ Trade Mark တစ်ခု မှတ်ပုံတင်ခကို မြန်မာငွေ ငါးသောင်းနဲ့ပဲ တွက်ကြည့်။ အစိုးရကရမယ့် အခွန်အခ နည်းတာမဟုတ်ဘူး။ မီးခိုးမထွက်တဲ့လုပ်ငန်းလို့ ဟိုတယ်ခရီးသွားလုပ်ငန်းကို ပြောတယ်။ အခု ဉာဏမူပိုင်ခွင့် (IP) ဥပဒေဟာလည်း မီးခိုးမထွက်တဲ့ စီးပွားရေးပဲ။ ဥပဒေအရ အကာအကွယ်ပေးမယ်ဆိုတဲ့ အာမခံချက်လေးနဲ့ ကတိပဲ အစိုးရက ပေးရမှာ”” ဟု ဦးမင်းတေဇညွန့်တင်က ပြောသည်။
မူပိုင်ခွင့်ဥပဒေပေါ်ထွက်လာပြီးပါက နှစ်နှစ်အတွင်း ဥရောပသမဂ္ဂအပြင် အမေရိကန်၊ အာဆီယံ၊ တရုတ်စသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း လေးသိန်းခန့် မှတ်ပုံတင်လာနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံ ဆယ်နိုင်ငံအနက် တစ်ခုတည်းသော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေမရှိသေးသည့် နိုင်ငံ ဖြစ်နေသေးပြီး ၂၀၁၅ အမီ ပေါ်ပေါက်လာမည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း၊ အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုဧရိ ယာ (AFTA) တို့ကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် မြန်မာအစိုးရက  ဦးဆောင်ပြုလုပ်ရမည် ဖြစ်သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကုန်အမှတ်တံဆိပ်တစ်ခု မှတ်ပုံတင်ခြင်းအတွက် ဘတ်ငွေ ၅၀၀ (မြန်မာငွေတစ်သောင်းခွဲခန့်) ပေးဆောင်ရပြီး ဥပဒေနှင့်အညီ အစိုးရက နားလည်တတ်ကျွမ်းသည့် ပညာရှင်များနှင့် အကာအကွယ်ပေးထားကြောင်း သိရသည်။
““အီးယူကလူတွေ အဓိကပြောတာလည်း ဒါပဲ။ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တော့ လူတစ်ဦးချင်းစီရဲ့ ဖန်တီးမှုကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ရှိကိုရှိရမယ်။ ဒါကြောင့် အစိုးရဟာ IP Law ကို မဖြစ်မနေ ၂၀၁၄ မှာ ပြဋ္ဌာန်းဖို့ လုပ်ရတော့မယ်”” ဟု အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ဦးမင်းတေဇညွန့်တင်က ဆိုသည်။
တစ်ဖက်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းထားသော်လည်း ပြည်ပရင်းနှီးမြုပ်နှံမှုများအတွက် အစိုးရက ပြည်သူပိုင်မသိမ်းခြင်း၊ မိမိတို့ ထုတ်ကုန်ပစ္စည်းများကို မိမိတို့၏နေရပ် နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားနိုင်ခြင်း စသည့် အခွင့်အရေးများ ပေးထားသော်လည်း မူပိုင်ခွင့်နှင့်ပတ်သက်၍ အကာအကွယ်ပေးထားခြင်း မပါရှိပေ။
““မြန်မာကို ရင်းနှီးမြုပ်နှံမှုတွေ ထင်သလောက် မ၀င်တာက မူပိုင်ခွင့်ဥပဒေလို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ မရှိသေးတဲ့အပြင် တရားဥပဒေစိုးမိုးရေးကလည်း မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တစ်ချိန်လုံးပြောနေတယ်။ အခြေခံအဆောက်အအုံကလည်း မပြည့်စုံဘူး။ ဒါ့အပြင် စီးပွားရေးသမားအများစုဟာ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတယ်”” ဟု UMFCCI အမှုဆောင်တစ်ဦးက ပြောသည်။
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ၂၀၀၅ တွင် ရှေ့နေချုပ်ရုံးက ဦးဆောင်ရေးဆွဲခဲ့ပြီး အစိုးရရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခဲ့သည်။ ၂၀၁၀ တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဦးဆောင်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်ရေးဆွဲခဲ့ပြီး ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ပြန်လည်စတင်မည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ ဥပဒေကြမ်းကို တင်မည် ဖြစ်သည်။

Thursday, January 23, 2014

Peace Fashion Blog

Peace Fashion ၏ ကိုယ်ပိုင် ဘလော့ စာမျက်နှာတစ်ခုကို ၂၄.၁.၂၀၁၄ တွင် စတင်ဖြစ်ပါသည်။ ဒီစာမျက်နှာမှ Peace Fashion မှ ထုတ်ကုန်ဖြစ်တဲ့ အကျီင်္ ဒီဇိုင်းများ နှင့် မိတ်ဆွေများအတွက် သိသင့်သိထိုက်သော ကောင်းနိုးရာ ရာ သတင်း ၊ ရသ သုတ စာပေများကို လည်း ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါသည်။