အီးယူ ကုန်အမှတ်တံဆိပ် လေးသောင်းခန့် ရင်းနှီးမြှုပ်နှံလိုသော်လည်း မူပိုင်ခွင့်ဥပဒေမရှိ၍ စောင့်ကြည့်နေ
ဥရောပသမဂ္ဂ (EU) အောက်ရှိ ကုန်အမှတ်တံဆိပ် လေးသောင်းခန့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ရှိသော်လည်း ၎င်းတို့ကို အကာအကွယ်ပေးနိုင်မည့် တိကျသည့် မူပိုင်ခွင့်ဥပဒေ မရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်၍ မြန်မာနိုင်ငံအတွက် အခွန်အခများလည်း နစ်နာနေကြောင်း အီးယူ(မြန်မာရုံးခွဲ)၏ မြန်မာနိုင်ငံရေးရာ ကျွမ်းကျင်မှုတာဝန်ခံ ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ပြောကြားသည်။““ အီးယူအောက်ကနေ ၀င်လာမယ့် ကုန်အမှတ်တံဆိပ်က အနည်းဆုံး လေးသောင်းကနေ သိန်းချီရှိတယ်။ ဒါတောင် အီးယူတစ်ခုတည်းပဲ။ ကျန်တဲ့ဟာတွေ မစဉ်းစားနဲ့ဦး။ Trade Mark တစ်ခု မှတ်ပုံတင်ခကို မြန်မာငွေ ငါးသောင်းနဲ့ပဲ တွက်ကြည့်။ အစိုးရကရမယ့် အခွန်အခ နည်းတာမဟုတ်ဘူး။ မီးခိုးမထွက်တဲ့လုပ်ငန်းလို့ ဟိုတယ်ခရီးသွားလုပ်ငန်းကို ပြောတယ်။ အခု ဉာဏမူပိုင်ခွင့် (IP) ဥပဒေဟာလည်း မီးခိုးမထွက်တဲ့ စီးပွားရေးပဲ။ ဥပဒေအရ အကာအကွယ်ပေးမယ်ဆိုတဲ့ အာမခံချက်လေးနဲ့ ကတိပဲ အစိုးရက ပေးရမှာ”” ဟု ဦးမင်းတေဇညွန့်တင်က ပြောသည်။
မူပိုင်ခွင့်ဥပဒေပေါ်ထွက်လာပြီးပါက နှစ်နှစ်အတွင်း ဥရောပသမဂ္ဂအပြင် အမေရိကန်၊ အာဆီယံ၊ တရုတ်စသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း လေးသိန်းခန့် မှတ်ပုံတင်လာနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံ ဆယ်နိုင်ငံအနက် တစ်ခုတည်းသော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေမရှိသေးသည့် နိုင်ငံ ဖြစ်နေသေးပြီး ၂၀၁၅ အမီ ပေါ်ပေါက်လာမည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း၊ အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုဧရိ ယာ (AFTA) တို့ကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် မြန်မာအစိုးရက ဦးဆောင်ပြုလုပ်ရမည် ဖြစ်သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကုန်အမှတ်တံဆိပ်တစ်ခု မှတ်ပုံတင်ခြင်းအတွက် ဘတ်ငွေ ၅၀၀ (မြန်မာငွေတစ်သောင်းခွဲခန့်) ပေးဆောင်ရပြီး ဥပဒေနှင့်အညီ အစိုးရက နားလည်တတ်ကျွမ်းသည့် ပညာရှင်များနှင့် အကာအကွယ်ပေးထားကြောင်း သိရသည်။
““အီးယူကလူတွေ အဓိကပြောတာလည်း ဒါပဲ။ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တော့ လူတစ်ဦးချင်းစီရဲ့ ဖန်တီးမှုကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ရှိကိုရှိရမယ်။ ဒါကြောင့် အစိုးရဟာ IP Law ကို မဖြစ်မနေ ၂၀၁၄ မှာ ပြဋ္ဌာန်းဖို့ လုပ်ရတော့မယ်”” ဟု အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ဦးမင်းတေဇညွန့်တင်က ဆိုသည်။
တစ်ဖက်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းထားသော်လည်း ပြည်ပရင်းနှီးမြုပ်နှံမှုများအတွက် အစိုးရက ပြည်သူပိုင်မသိမ်းခြင်း၊ မိမိတို့ ထုတ်ကုန်ပစ္စည်းများကို မိမိတို့၏နေရပ် နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားနိုင်ခြင်း စသည့် အခွင့်အရေးများ ပေးထားသော်လည်း မူပိုင်ခွင့်နှင့်ပတ်သက်၍ အကာအကွယ်ပေးထားခြင်း မပါရှိပေ။
““မြန်မာကို ရင်းနှီးမြုပ်နှံမှုတွေ ထင်သလောက် မ၀င်တာက မူပိုင်ခွင့်ဥပဒေလို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ မရှိသေးတဲ့အပြင် တရားဥပဒေစိုးမိုးရေးကလည်း မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တစ်ချိန်လုံးပြောနေတယ်။ အခြေခံအဆောက်အအုံကလည်း မပြည့်စုံဘူး။ ဒါ့အပြင် စီးပွားရေးသမားအများစုဟာ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတယ်”” ဟု UMFCCI အမှုဆောင်တစ်ဦးက ပြောသည်။
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ၂၀၀၅ တွင် ရှေ့နေချုပ်ရုံးက ဦးဆောင်ရေးဆွဲခဲ့ပြီး အစိုးရရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခဲ့သည်။ ၂၀၁၀ တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဦးဆောင်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်ရေးဆွဲခဲ့ပြီး ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ပြန်လည်စတင်မည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ ဥပဒေကြမ်းကို တင်မည် ဖြစ်သည်။
No comments:
Post a Comment